Theravada Buddhist Youth Organization
ဘ၀ရှင်းအောင် E-mail
ဓမ္မစာပေများ
                 ရရှိထားသော ဘ၀မှန်သမျှသည် ဒုက္ခသစ္စာဖြစ်၏။ လူ့ဘ၀၊ နတ်ဘ၀၊ ဗြဟ္မာဘ၀၊ မည်သည့် ဘ၀မဆို ခန္ဓာမှန်သမျှ ရရှိထားသောအကျိုးခန္ဓာ ဒုက္ခသစ္စာတို့သည်သာဖြစ်၏။ လုပ်သမျှ၊ ပြောသမျှ၊ ဆောင်ရွက်သမျှ၊ အလိုရှိသမျှ အောင်မြင်သည့်အခါ ငါ့ဘ၀ အရတော်လေစွဖြင့် ကိုယ့်ကိုယ်ကိုမာန်ဝင့် အလွန်ပင်တင့်တယ်လိုက်တဲ့ ငါပါလားဟူ၍ ဒိဋ္ဌတဏှာတို့ဖြင့် သာယာ တတ်ကြ၏။ ထိုအခါ ကြွားတတ်ကြ၊ ၀ါတတ်ကြ၊ စောင်းမြောင်းတတ်ကြ၊ ရှုံ့ချတတ်ကြဖြင့် သူတစ်ပါးတို့ကို အထင်သေးတတ်သည့်အပြင် ကိုယ့်ကိုယ်ကိုလည်း အထင်ကြီးတတ်ကြ သည်။ “ရဟန္တာ မဟုတ်သေးသမျှ ဘာမျှမဟုတ်သေးပါလား”ဟူ၍ မြဲစွာသတိ ခိုင်ခိုင်ရှိနေဘို့ လိုအပ်ပါသည်။ တစ်နည်းဆိုလျှင် “ကိလေသာ မကုန်သေးသမျှ ငါချမ်းသာလိုက်တာဟူ၍ ဘယ် သောအခါမျှ မအောင်းမေ့လေနှင့်။”
 
                ရဟန္တာ ဖြစ်သည့်အခါတွင် ငါဟူသောဒိဋ္ဌိလည်းမရှိ၊ ငါလုပ်နိုင်တယ်ဟူသော မာနလည်းမရှိ သောကြောင့် ၀ါကြွားမှုလည်းကင်း၊ စောင်းမြောင်းမှုလည်းကင်းပြီး အရဟတ်ဉာဏ် မဂ်ဖိုလ် အလင်းဖြင့် အလွန်ပင် ငြိမ်းချမ်းဘိ၏။ ထိုသို့ ငြိမ်းချမ်းလှသည်ကိုပင် ခန္ဓာကိုယ် ရုပ်အကြွင်းက အလွန်ပင် ၀န်လေးလှသည့် စက်ဆုပ်ရွံရှာဖွယ်ကြီးအဖြစ် ထင်တော့၏။ ပုထုဇဉ်တို့မှာကား မစင်ရုပ်ခန္ဓာကိုယ်ပင် ကိုယ့်အသွင် အလွန်ဆန်းသည်ဟူ၍ မာန်ဝင့်ကာ ဟန်ပန်လုပ်ကြသည်။ သေမင်းအား ခန္ဓာမထိုးခင်တော့ အသုံးဝင် ပြုံးရွှင်ရွှင်နေကြရလည်း မရဏမင်းက ကျောခင်း ခိုင်းချိန်မှာတော့ လုပ်ခဲ့သမျှ နောင်တရ၍ ဖွဲပြာရုပ်အသွင် ရှင်းရှင်းမြင်ပြီး မည်သို့မျှ အသုံးမကျ တော့ကြောင်း အသိနောက်ကျသည့် ပုထုဇဉ်များမှာ အရဟတ်ဉာဏ် မလင်းနိုင်သမျှ ခန္ဓာ ဇာတ် အတောမသတ်နိုင်ဘဲ အထပ်ထပ် ဒုက္ခပင်လယ်ဝေရတော့သည်။
                  ဆရာကောင်းနှင့် တွေ့ဘို့ကား နည်းပါး၊ မိုက်မှားအောင် လုပ်ပေးမည့်သူကသာ များလှ၏။ အဘယ့်ကြောင့် ပြောရသနည်း။ တရားနာကြရအောင်၊ တရားဆွေးနွေးကြရအောင်၊ လောကမှာ ဘုရား၊ တရား၊ သံဃာသာ ကိုးကွယ်ရာအမှန်ဟု လမ်းပြမည့်သူက ခပ်ရှားရှား၊ ဘီယာ သောက် ၀ိုင်းဖွဲ့ကြအောင်၊ ပေါ်ကာလေး ဒေါင်းလိုက်ကြအောင်၊ ရုပ်ရှင်ကြည့် သွားကြရအောင်၊ ပျော်ပွဲစား ထွက်ကြရအောင်စသည်ဖြင့် အချိန်ကို ဖြုန်းတီးပေးမည့် အဖော်အပေါင်းတို့ကသာ ခပ်များများဖြစ်သည်။ တဏှာ၏ ကြေးကျွန်၊ လုပ်သမျှ ဒုက္ခဘုံသာ ရရှိမည်။ ပညာဉာဏ်သခင် လုပ်သမျှ သုခမြင်ကြရမည်။ ဒိဋ္ဌိမကွာသေးသည့် ပုထုဇဉ်များဖြစ်နေလျှင် “လူတွင်စင်္ကြာ၊ နတ်မှာ သိကြား၊ မိုးဖျားဗြဟ္မာ၊ ဖြစ်တုံပါလည်း၊ ခန္ဓာပြိုကွဲ၊ ကုသိုလ်စဲက၊ ဖောက်လွဲပါယ်ရွာ၊ ရောက်ပြန်ကာတည့်” ဟူသည့် မဃဒေ၀လင်္ကာအတိုင်း အပါယ်ဘုံ ဒုက္ခဘေးမှ မလွတ်နိုင် သေးကြပေ။

                     “ငါတို့ဖြင့် ပါရမီကနည်း၊ ကုသိုလ်တွေစဲခဲ့လို့ ယခုဘ၀မှာ နိဗ္ဗာန်မြင်နိုင်မှာ မဟုတ်လေဘူး” ဟူ ၍လည်း လက်မှိုင်ချကာ နိဗ္ဗာန်စကား အလွန်ခါးကာ မနေသင့်။ ပါရမီဟူသည် လုပ်ယူမှရ၏။ ကျင့်ယူမှရ၏။ လောဘကြီးသည့်အထုံပါလာလျှင် “တစ်စတစ်စ၊ စွန့်ဝံ့မှလျှင်၊ ဘ၀နောက် နှောင်း၊ ဆက်တိုင်းကောင်း၏”ဟူ၍ စွန့်နိုင်သလောက်က စလို့စွန့်၊ ခပ်တွန့်တွန့်စိတ်ကို ပယ်အောင် ကျင့်ရမည်။ ဒေါသကြီးသည့် အထုံပါလျှင်လည်း ခွင့်လွှတ်ကာ သည်းခံတတ် အောင် တဖြည်းဖြည်း ကျင့်ယူရမည်။ မောဟဓာတ် အားကြီးကလည်း မသိလျှင် ရှက်မနေဘဲ သိသင့်သည်များကိုသိအောင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများထံမှ နည်းခံကာ ကိုယ်တိုင် တတ်အောင် လုပ်ယူပြီးလျှင် ကိုယ်ကလည်း သူကိုဖြန့်၊ အပြန်အလှန် သင့်မြတ်အောင် အဖန် ဖန် ဆွေးနွေးကြရမည်။ “အရိပ်ကိုလိုချင်လျှင် နေပူကစောင့်” ဆိုသလို ခက်ခဲနက်နဲ ထူးမြတ်သိမ်မွေ့လှသည့် တရားထူး တရားမြတ် ရချင်လျှင် သူတကာတို့ လုပ်နိုင်ခဲသည့် ထိုခက်ခဲသည့် ပြုမူနေထိုင် နှလုံးသွင်းမှန်မှန် ထားခြင်းများကို ဆထက်တိုးပွားအောင် ကျင့်ကြံ ကြရပေမည်။

                      အလွယ်ဆုံးနည်းဖြင့် ကိလေသာရန်သူကို မည်သို့တွန်းလှန်ပြီး ပါရမီဖြည့်ကျင့်ရမည်ဟူမူ
“မိမိစိတ်တွင်၊ လောဘ၀င်က၊ ၀င်လာလောဘ၊ မဖြစ်ရအောင်၊ လောဘကင်းစင်၊ ဘုရားရှင်ကို၊ နေ့စဉ်မပြတ် ရှိခိုးမယ်။
မိမိစိတ်တွင်၊ ဒေါသ၀င်က၊ ၀င်လာဒေါဘ၊ မဖြစ်ရအောင်၊ ဒေါသကင်းစင်၊ ဘုရားရှင်ကို၊ နေ့စဉ် မပြတ် ရှိခိုးမယ်။
မိမိစိတ်တွင်၊ မောဟ၀င်က၊ ၀င်လာမောဟ၊ မဖြစ်ရအောင်၊ မောဟကင်းစင်၊ ဘုရားရှင်ကို၊ နေ့စဉ်မပြတ် ရှိခိုးမယ်။”

ဟူ၍ ကျေးဇူးတော်ရှင် ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒတရားတော်မှ လင်္ကာအဆုံအမ အတိုင်း ကျင့်ကြံပွားများပြီး နေသင့်ကြပေသည်။
လူလူချင်းအတူတူ တစ်မူစီ ကွဲပြားကြသည်။ အတွေးချင်းမတူ၍ လုပ်ဆောင်ပုံ မတူညီခြင်း သာဖြစ်သည်။ အတွေးမှန်ရအောင် ဆရာမှန် ခင်မှရမည်။ “ပုဂ္ဂိုလ်ခင်မှ တရားမင်” ဆိုသည့် အတိုင်း ဆရာမှန် မခင်တော့ တရားမှန် မမင်ဖြစ်တော့သည်။ ကျောင်းက သင်ပေးကာမျှဖြင့် မတော်သေး။ ထိုမှ ရရှိလာသော အတတ်ပညာတို့ဖြင့် မှန်၏/မှား၏ လျော်အောင်ညှိတတ်ဘို့ လိုအပ်၏။ ဆရာပေါင်းများစွာ၊ မိတ်ဆွေပေါင်းများစွာ ကျောင်းမှာ ပေါင်းသင်းခဲ့ရသည်။ ဆရာ ကောင်းက မည်သို့နေထိုင်ကျင့်ကြံကာ မည်သို့ ဆုံးမတတ်သည်၊ ဆရာဆိုးက မည်သို့ အကျင့် ယုတ်ကာ ပြောဟောတတ်သည်၊ မိတ်ဆွေကောင်းက ကိုယ့်ကိုယ် မည်သို့လမ်းမှန်ပြသည်၊ မိတ်ဆွေမှားတို့က ကိုယ့်ကိုယ် မည်သို့ လမ်းမှားရောက်အောင် ဆွဲဆောင်တတ်သည်တို့ကို ဆင်ခြင်သတိ မြဲစွာရှိပြီး ကောင်းတာကိုယူ မကောင်းတာ ပယ်ခွါပြီး ကျင့်ကြံနေထိုင်ဘို့ လိုအပ် ပါသည်။ လူတိုင်းကတော့ အကောင်းချည်း မဟုတ်နိုင်။ အဆိုးလည်းရှိသည်။ အကောင်းနှင့် အဆိုး အမြဲပင် ဒွန်တွဲ၍နေမည်။ ထို့ကြောင့် “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူ အောင် စိတ်ကိုထား”နိုင်အောင် ကျင့်ရမည်။
 
              တွေ့သမျှ၊ မြင်သမျှ ကိုယ့်ဆရာတွေလို့သာ သဘောထား။ ဘယ်လို ထားရမှာလဲ။ ကောင်းတာ လုပ်သူတွေကို တွေ့မြင်တော့  သူတို့လိုလုပ်ဖို့ သင်နေတာပဲဟူ၍ ခံယူ၊ မကောင်းတာ လုပ်သူ တွေကို တွေ့မြင်တော့ သူတို့လို မလုပ်ဖို့ သင်နေတာပါလားဟူ၍ ခံယူပြီး ကောင်းတာကို အတု မြင် အတတ်သင်၊ မကောင်းတာကိုတော့ အတုမြင် အတတ်မသင်မိအောင်နေကြရမည်။ သေချာတွေး ရေးရေးပေါ်မည်။ ကောင်းမွန်သည့်အလုပ် သေသွားတိုင် မွှေးရနံ့လှိုင်မည်။ ဆိုးရွားသည့်အလုပ် သေသွားတိုင် အပုပ်ရနံ့လှိုင်မည်။ သူများတွေ မိုးခါးရေသောက်တိုင်း ကိုယ်က လိုက်မသောက်နှင့်။ အခါးသောက်တဲ့သူများတိုင်း ခါးတာသောက်မှ လူရာဝင်မည် ထင်လျှင်တော့ ကိုယ်လည်းသောက်မိမည်။ ခါးတာသောက်လျှင် ခါးတဲ့အကျိုးပေးလာသည်။ ချိုတာသောက်လျှင် ချိုတဲ့အကျိုးပေးလာသည် ဆိုသော မြတ်ဗုဒ္ဓအဆုံးအမသာ မြဲစွာယုံကြည်။ လူမိုက်တစ်သောင်း ချီးမွမ်းတာ မနှစ်သက်နှင့်။ လူကောင်းတစ်ယောက် ချီးကျူးတာသာ ၀မ်းပန်းတသာ ခံယူ။ “နစ ခုဒ္ဒ မာစရေ ကိဥ္စိ”- သေးသိမ်ညံ့ဖျင်းတဲ့အမှုကို နည်းနည်းလေးမျှ မလုပ်လေနဲ့ဟူသော ဘုရားအဆုံးအမအတိုင်းသာ ကျင့်ကြံကာ နေသွားရမည်။
 
                     အတွေးရှင်းမှ အမြင်ရှင်းမည်။ အမြင်ရှင်းမှ စိတ်ရှင်းမည်။ စိတ်ရှင်းမှ အလုပ်ရှင်းမည်။ အလုပ် ရှင်းမှ ဘ၀ရှင်းမည်။ ဘ၀မှာ ရှင်းရှင်းလင်းလင်း နေသွားနိုင်အောင် အတွေး မှန်ရမည်။ အမြင် မှန်ရမည်။ စိတ်ထားကောင်းရမည်ဖြစ်သည်။ ပညာရှိကို ပေါင်းရမည်။ လူမိုက်ကို ရှောင်ရမည်။ မင်္ဂလသုတ်အဆုံးအမအတိုင်း
“လူမိုက်ကိုလေ ရှောင်သွေလွဲလို့ ၊
မမှီဝဲနှင့် ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့၊
မှီဝဲဆည်းကပ် နည်းယူပေ။
အဲဒါမှ…ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။”
ဟူ၍ လက်တွေ့ ကျင့်ကြံကာနေမှ ဘ၀မှာ ရှင်းရှင်းလင်း လင်း နေသွားနိုင်မည်။ ဘ၀ရှင်းမှ နိဗ္ဗာန်ကို လင်းလင်းမြင်နိုင်မည်ဖြစ်သည်။
စာရှုသူပရိတ်သတ်အားလုံး နိဗ္ဗာန်ထိုးထွင်း၊ ဉာဏ်အလင်းကို၊ ရှင်းရှင်းပိုင်ပိုင် ရနိုင်ကြပါစေ။
ထွန်းထွန်းလှိုင်
+/-
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please input the anti-spam code that you can read in the image.
+/- Comments
Add New Search
ဝင်းမြင့်  - ခဏဖတ်မှတ် အသိဉာဏ်ထက်၏     |80.90.120.xxx |2010-02-08 14:29:49
သာဓု သာဓု သာဓု....
HsHs  - အတွေးရှင်းမှ နိဗ္ဗာန်မြင်မည်..   |71.249.185.xxx |2010-02-08 16:22:46
အတွေးရှင်းမှ အမြင်ရှင်းမည်။ အမြင်ရှင်းမှ စိတ်ရှင်းမည်။ စိတ်ရှင်းမှ အလုပ်ရှင်းမည်။ အလုပ် ရှင်းမှ ဘ၀ရှင်းမည်။ ဘ၀မှာ ရှင်းရှင်းလင်းလင်း နေသွားနိုင်အောင် အတွေး မှန်ရမည်။ အမြင် မှန်ရမည်။ စိတ်ထားကောင်းရမည်ဖြစ်သည်။ ပညာရှိကို ပေါင်းရမည်။ လူမိုက်ကို ရှောင်ရမည်။
မင်္ဂလသုတ်အဆုံးအမအတိုင်း
“လူမိုက်ကိုလေ ရှောင်သွေလွဲလို့ ၊
မမှီဝဲနှင့် ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့၊
မှီဝဲဆည်းကပ် နည်းယူပေ။
အဲဒါမှ…ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။” ဟူ၍ လက်တွေ့ ကျင့်ကြံကာနေမှ ဘ၀မှာ ရှင်းရှင်းလင်း လင်း နေသွားနိုင်မည်။ ဘ၀ရှင်းမှ နိဗ္ဗာန်ကို
လင်းလင်းမြင်နိုင်မည်ဖြစ်သည်။

လေးစားစွာ ဖတ်မှတ်သွားပါတယ်... သာဓု၃
သုခ   |203.81.166.xxx |2010-02-25 09:51:09
အစဉ်လေးစားစွာဖြင့် ဖတ်မှတ်သွားပါတယ်အကို။ အားလုံးအဆင်ပြေပါစေ။

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."