| ဒသမအကြိမ် လှူဒါန်းထောက်ပံ့မူ |
|
| အလှူမှတ်တမ်းများ - စာသင်သားရဟန်းတော်များအားလစဉ်ထောက်ပံ့မှု | ||||||||||||||||||||||||||||||||||||
|
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (ITBMU) ၌ (Buddha Dhamma) တက်နေကြသော မရမ်းကုန်မြို့နယ်၊ မြောက်ဥက္ကလာ၊ ဘုန်းကြီးလမ်း၊ ကမ္ဘာ့ဗုဒ္ဓ၀ိပဿနာဗိမာန်ကျောင်းရှိ သိမ်ကျောင်း ဆောင်တွင် သီတင်းသုံးနေထိုင်ကြသည့် စာသင်သား ရဟန်းတော်များအား ဒသမအကြိမ်မြောက် ပစ္စည်းလေးပါးလှူဒါန်းရန်အတွက် ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များ အသင်းမှအလှူငွေ တစ်သိန်းလေးသောင်းကိုးထောင့်လေးရာကျပ် (၁၄၉၄၀၀/ိ- ကျပ်) ကို ၂၇.၂.၂၀၁၀ ရက်နေ့ ညနေ (၂း၃၀)နာရီတွင် စာသင်သားရဟန်းတော်များအား ကိုထွန်းထွန်းလှိုင်၊ ကိုသက်နိုင်ဦး၊ နှင့်ကိုကျော်ဇင်လတ်တို့ သွားရောက်လှူဒါန်းခဲ့ကြပါသည်။ ဆွမ်းကိစ္စကြောင့်ကြမဲ့ သုံးဆောင်နိုင်ရန်အတွက် ပစ္စည်းလေးပါးစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည် အလှူပစ္စည်းနှင့်ဝတ္ထုငွေစာရင်း
ယခု ဒသမအကြိမ်မြောက်အလှူတွင် 4GB Space ဆံ့တဲ့ Memory Sticks (၂၃) ခုကို စာသင်သားရဟန်းတော် (၂၃) ပါးအား Memory Stick (၁) ခုစီ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
ရဟန်းတော်များထံမှ သရဏဂုံသုံးပါးနှင့် ငါးပါးသီလခံယူဆောက်တည်ခဲ့ခြင်း၊ မေတ္တာသုတ်ပရိတ်တရားတော် နာကြားခဲ့ခြင်း၊ မေတ္တာဘာဝနာ ပွါးများခဲ့ခြင်း၊ အနုမောဒနာတရား နာကြားခဲ့ခြင်းနှင့် ဝေယျာဝစ္စကုသိုလ်အဖို့တို့ကို အလှူရှင်အားလုံးနှင့်တကွ (၃၁) ဘုံရှိ သတ္တ၀ါအပေါင်းအား အမျှပေးဝေလိုက်ပါတယ်။ ဆရာတော် ဦးဝိစိတ္တာလင်္ကာရ ဟောကြားလိုက်တဲ့တရားတော်ကို သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြရန်အတွက် ဓမ္မဒါနရေးသားလိုက်ပါသည်။ “ယခုလို စာသင်သားရဟန်းတော်များအား ပစ္စည်းလေးပါးမှ ဆွမ်းကိစ္စ ကြောင့်ကြမဲ့သုံးဆောင်နိုင်ရန်နှင့် လိုအပ်ရာရာ စာရေး ကိရိယာများ၊ ယခုခေတ်တွင် အသုံးဝင်တဲ့ Memory Sticks များ စသည်တို့ကို ၂၀၀၉/၂၀၁၀ ပညာသင်နှစ် (၁၀)လတိုင်တိုင် လစဉ်လှူဒါန်း ခဲ့ကြတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များကို ဦးဇင်းအနေဖြင့် အနုမောဒနာတရား ဟောကြားချီးမြှင့်လိုက်ပါတယ်။ ယခု မတ်လအတွင်း စာသင်သားရဟန်းတော်များဟာ ၂၀၀၉/၂၀၁၀ ပညာသင်နှစ်ရဲ့ နောက်ဆုံး စာမေးပွဲကာလဖြစ်ပါတယ်။ စာမေးပွဲဆိုတာလေးနဲ့ ဆက်စပ်ပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကနေ ခုနစ်နှစ်သားကိုရင် ရာဟုလာလေးကို ဟောကြားဆုံးမတော် မူခဲ့တဲ့တရားတော်ကို ဟောကြားချီးမြှင့်လိုက်ပါတယ်။ အောင်မြင်တိုးတက်မှုကို လိုလားတယ်ဆိုရင် မိမိကိုယ်ကို မေးခွန်း(၄)ခုဖြင့် ပြန်လည် မေးမြန်းရတယ်။ ထိုသို့ မိမိကိုယ်ကိုမိမိ ပြန်လည် မေးမြန်းရမယ့် မေးခွန်း(၄)ခုကတော့- (၁) ငါဟာဘာလဲ ? မိမိဟာ ဘာလဲဆိုတာ မိမိကိုယ်ကို မေးရတယ်။ မိမိဟာ ဘာဆိုတာကို မိမိဘာသာ ပြန်ဖြေတဲ့အခါမှာ သံဃာတော်ဆိုရင် သံဃာတော်အလုပ် လုပ်ရမယ်။ ဒကာဆိုရင် ဒကာအလုပ်၊ ဆရာဆိုရင် ဆရာအလုပ်၊ ကျောင်းသားဆိုရင် ကျောင်းသားအလုပ်၊ မိဘဆိုရင် မိဘအလုပ်၊ သားသမီးဆိုရင် သားသမီးအလုပ် စတဲ့ စတဲ့ ဆိုင်ရာအလုပ်တွေကို ငါလုပ်ကိုင်ရမယ်ဆိုတာ ပေါ်လာမယ်။ ထိုသို့ ပေါ်လာတဲ့အတိုင်း သက်ဆိုင်တဲ့ မိမိတို့ရဲ့ အလုပ်တွေနဲ့ ညီညွတ်မှုရှိအောင် နေထိုင်လုပ်ကိုင်ရမယ်။ ဒါမှ မိမိရဲ့ အောင်မြင်တိုးတက်မှုတွေ အစဉ်တိုးပွါးလာမှာဖြစ်တယ်။ (၂) ငါဘာလုပ်ခဲ့ပြီးပြီလဲ? မိမိ ဘာလုပ်ခဲ့ပြီးပြီလဲဆိုတာကို မိမိကိုယ်ကိုမေးရတယ်။ ထိုသို့ မေးတဲ့အခါမှာ မိမိလုပ်ခဲ့မိတာတွေဟာ ကောင်းခဲ့သလား၊ ဆိုးခဲ့ သလားဆိုတာတွေ၊ ကာယကံအမှု၊ ၀စီကံအမှု၊ မနောကံအမှုတွေဟာ စင်ကြယ်မှုရှိရဲ့လား စသဖြင့် ပေါ်လာတယ်။ ပေါ်လာတဲ့အခါမှာ မကောင်းတာတွေလုပ်ခဲ့မိရင် နောက်မလုပ်ဖြစ်အောင်၊ ကောင်းတာတွေ လုပ်ခဲ့ရင်လည်း ဆထက်တိုးပွါအောင်၊ ကာယကံ၊ ၀စီကံ၊ မနောကံ အမှုတွေဟာ စင်ကြယ်မှုမရှိရင် နောက်နောင် စင်ကြယ်မှုရှိလာအောင်၊ ထိုအမှုတို့ စင်ကြယ်မှုရှိအောင် ပြုမူဆောင်ရွက်ခဲ့တယ်ဆိုရင်လည်း ထိုသို့ အမြဲလုပ်ဆောင်နိုင်အောင် ဆင်ခြင်ပြီး ကျင့်ကြံနေထိုင်ရမယ်။ ဒါမှ စဉ်ဆက်မပြတ် တိုးတက်အောင်မြင်မှုတွေ ရရှိမှာဖြစ်တယ်။ (၃) ငါဘာလုပ်နေသလဲ? ယခုလက်ရှိ မိမိဘာလုပ်နေသလဲဆိုတာကိုလည်း မေးမြန်းနေရမယ်။ ထိုသို့မေးခြင်းဖြင့် မိမိယခု လုပ်ဆောင်နေတာတွေဟာ ကောင်းနေသလား၊ ဆိုးနေသလား၊ ကာယကံ၊ ၀စီကံ၊ မနောကံတွေကရော စင်ကြယ်နေသလား ဆိုတာတွေကို သတိထားမိမယ်။ သတိထားမိတဲ့အတွက် ပညာဖြင့် ဆင်ခြင်ပြီး လုပ်ဆောင်နေဆဲအမှုတွေကို ကောင်းသည်ထက်ကောင်းအောင်၊ စင်ကြယ်သည်ထက် စင်ကြယ်အောင် ကျင့်ကြံပွါးများခြင်းအားဖြင့် မိမိအတွက် အစဉ်သာလျှင် အကျိုးများနေပါတော့တယ်။ (၄) ငါဘာလုပ်ရဦးမှာလဲ? မိမိ ဘာလုပ်ရဦးမှာလဲဆိုတာကို မိမိကိုယ်ကို ပြန်မေးတဲ့အခါ မိမိရဲ့လုပ်ဆောင်ဖို့ကျန်သေးတဲ့အလုပ်တွေ ပေါ်လာတယ်။ မိမိရဲ့ အနာဂတ်လုပ်ဆောင်ဖွယ်ရာတွေ ကောင်းသည်ထက်ကောင်းအောင်၊ တိုးတက်သည်ထက် တိုးတက်အောင် ကြိုးစားလုပ်ဆောင်သွားမှ သင့်တော်မယ် စသဖြင့် ဆင်ခြင်ပြီး လုပ်ကိုင်ဆောင်ရွက်သွားရမယ်။ မိမိသန္တာန်မှာ ကိလေသာတွေ မကုန်သေးဘူးဆိုရင် ကိလေသာ တွေကုန်အောင် အားထုတ်ရဦးမယ်ဆိုပြီး သတိတရားဖြင့် ကျင့်ကြံပွါးများအားထုတ်ရမယ်။ သို့မှသာ အစဉ်ကြီးပွါးတိုးတက် အောင်မြင်နိုင် မှာပဲဖြစ်တယ်။ ထိုမေးခွန်း(၄)ခုကို မိမိကိုယ်ကိုမိမိ ပြန်လည်မေးပြီး မိမိဘာသာ ပြန်ဖြေရမယ်။ သတိပညာတို့ဖြင့် အမြဲဆင်ခြင်ပြီး ကျင့်ကြံ နေထိုင်သွားရမယ်။ ဒီနေရာမှာ ဘုရားရှင်ဆုံးမထားတော်မူတဲ့အတိုင်း ဥပမာပြရရင် “လောကီစာမေးပွဲမှာ မေးသူက တစ်ယောက်၊ ဖြေသူက တစ်ယောက်၊ အမှတ်ပေးသူက တစ်ယောက်ဖြစ်တယ်။ လောကုတ္တရာစာမေးပွဲမှာတော့ မေးသူကလည်း မိမိ၊ ဖြေသူကလည်း မိမိ၊ အမှတ်ပေးသူကလည်း မိမိသာလျှင်ဖြစ်တယ်။” ဧကန်ထုတ်ချောက် နိဗ္ဗာန်ရောက်ရေးအတွက် ဆိုခဲ့ပြီးတဲ့ မေးခွန်းလေးခုတို့ကို မိမိဘာသာ မေး၊ မိမိဘာသာ အမှတ်ပေး၊ မိမိဘာသာ ဖြေပြီး ပြုမူနေထိုင်သွား ကြရမှာပဲဖြစ်တယ်ဆိုတာကို သတိပေးစကားဖြင့် ဦးဇင်းရဲ့ အနုမောဒနာတရားတော်ကို နိဂုံးချုပ်လိုက်ပါတယ်။” ထွန်းထွန်းလှိုင် လှူဒါန်းမှု မှတ်တမ်းဓါတ်ပုံများ
|






