Theravada Buddhist Youth Organization
လောကကြီးကလှနေမယ် E-mail
ဓမ္မစာပေများ
လောကသုံးပါးကို ကုန်စင်အောင်သိမြင်တော်မူသော သုံးလောကထွဋ်ထား သဗ္ဗညုတ ဉာဏပိုင်ရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား တပည့်တော်ရှိခိုးပါ၏။
ဒီကမ္ဘာမှာ ဗုဒ္ဓမှဘာသာမှတစ်ပါး တစ်ခြားသော ဘာသာဝင်အများစုက ဘုရားသခင်က ဒီလောကကြီး ကိုဖန်ဆင်းတော်မူတယ်လို့ ယုံကြည်ကြပါတယ်။ (တစ်ချို့ကဘာ သာမဲ့တွေလည်းရှိတာမို့ ဘာသာဝင်အများစုလို့သုံးလိုက်ရတာပါ။) မိမိ၏ ယုံကြည်ချက်နှင့်ယှဉ်၍ ထိုဘာသာများကို မှား၏မှန်၏ဟု မဆုံးဖြတ်လိုပါ။ သို့သော် ဘ၀င်မကျလှသော အချက်ကလေးတစ်ခုရှိပါတယ်။ အရေးမကြီးဘူး ဆိုပေမယ့် အရေး ပါမယ်လို့ထင်တာလေးပါ။
ဆိုလိုတာက ဘုရားသခင်သာစွမ်းနိုင်မယ်ဆိုရင် လူသားတိုင်းကို ချောချောလှလှလေးတွေဖြစ်အောင်၊ စိတ်ထားဖြူဖြူစင်စင်လေးတွေဖြစ်အောင်၊ မေတ္တာ၊ ကရုဏာ တရားတွေ ထားတတ်အောင်၊ ဖြူစင်တဲ့ စိတ်ထားကလေးတွေနဲ့ လောကကြီးကို လှနေအောင် ဖန်းဆင်းပေးခဲ့စေချင်တာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ လူသားတိုင်းဟာ လှပတဲ့ဘ၀တွေကို တည်ဆောက်ချင်ကြလို့ပါပဲ။ တို့ဗုဒ္ဓက ဖန်းဆင်းရှင်မဟုတ် လေတော့ ရအောင်လုပ်ခိုင်းလို့မရနိုင်ဘူး။ ကျွန်တော်ရင်ထဲက လောကကြီးကို လှပအောင်ဖြစ်စေ ချင်တဲ့ စိတ်ထားလေးပါ။
ဆင်းရဲခြင်း၊ ချမ်းသာခြင်းတွေရဲ့အပေါ်မှာ အလှတရားဟာ မှီခိုနေမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဆင်းရဲခြင်းဆိုတာဟာ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်း ဆိုပြီးနှစ်မျိုးပေါ့။ ရုပ်ရည်အားဖြင့်လှပတဲ့ မိန်းကလေးတစ်ယောက်ဆိုပါစို့။ သူ့ဘ၀မှာ လိုတိုင်းတ ရနိုင်ပေမယ့် တစ်စုံတစ်ရာသော အကြောင်းကြောင့် စိတ်ညစ်နေ မယ်ဆိုရင် ညိုးငယ်နေတဲ့ သူမျက်နှာပေါ်မှာရှိတဲ့ အလှတရားဟာပြည့်စုံပါတော့မလား။ ဆင်းရဲလွန်းလို့ စားရမဲ့သောက်ရမဲ့ လမ်းဘေးက ကလေးတစ်ယောက်ရဲ့အလှဟာ တစ်ကယ်ပဲလှတယ် လို့ခံစားမိရဲ့လား။ စိတ်ဆိုးနေတဲ့သူ၊ စိတ်ညစ်နေတဲ့သူ၊ မနာလိုဝန်တိုဖြစ်နေတဲ့သူ၊ နှမြောတွန့်တိုနေတဲ့သူ၊ မာန်မာနကြီးနေတဲ့သူ၊ စသဖြင့် ပေါ့လေ။ သူတို့တွေရဲ့ ရင်ထဲကအလှနဲ့ မျက်နှာပေါ်ကအလှ တစ်ထပ်တည်းမကျပဲနဲ့ အလှနဲ့ ပြည့်စုံသူလို့ ပြောလို့ရနိုင်သလား။ ကျွန်တော်တွေးမိတာလေးပါ။
Beauty is the experience that gives us a sense of jog and a sense of peace simultaneously.
အလှတရားဆိုတာ ရွှင်လန်းမှုနဲ့ ငြိမ်းချမ်းမှုဆိုတဲ့ ခံစားမှုနှစ်မျိုးကို တစ်ပြိုင်နက် ပေးနိုင်တဲ့ အတွေ့အကြုံ လို့ဆိုကြပါတယ်။ ဒီလိုအလှတရားမျိုးကို မြတ်စွာဘုရားရှင်က မဖန်တီးပေးနိုင်ပေမယ့် လမ်းညွှန်ပေး တော်မူတဲ့နေရာမှာ ဗုဒ္ဓမြတ်စွာလောက် ပြည့်စုံသူ ဘယ်မှာမှ ရှာလို့မရခဲ့ပါဘူး။ သူ့ဘ၀ကိုလည်း အလှပ ဆုံးဖြစ်အောင် နေထိုင်ခဲ့သလို အခြားသူတွေကိုလည်း ဒီလိုအလှတရားတွေ လက်ဆင့်ကမ်းဝေ ငှခဲ့သူပါ။ စကားပုံတစ်လေးတစ်ခုရှိခဲ့ဖူးတယ်။
The aim of all education is to teach us to love beauty. (Plato)
ပညာရေးအားလုံးရဲ့ရည်ရွယ်ချက်ဟာ အလှအပကို ချစ်မြတ်နိုးတတ်ဖို့ပဲတဲ့။ ဒီစကား လုံးကို ကျွန်တော် ထောက်ခံတယ်။ ဘာကြောင့်လဲဆိုတော့ -
The danger that blindness to the beauty entails are great.
အလှတရားကို မမြင်တတ် မခံစားတတ်လို့ ဖြစ်လာတဲ့ နောက်ဆက်တွဲအန္တရာယ်ဟာ အင်မတန်ကြီးမား နေလိုပါပဲ။ အမိရင်မှ မွေးဖွားခဲ့စဉ်က ဖြူစင်မှုတွေအပြည့် နဲ့ရှိနေတဲ့လူသား တစ်ယောက်ရဲ့အလှဟာ အသက်ကြီးလှတာနဲ့အမျှ ပျောက်ဆုံး လျော့ပါးလာတာဟာ ကောင်းခြင်းတရားတွေမဟုတ်ပါဘူး။ အသိဉာဏ်နည်းသေး တယ်ဆိုတဲ့ ကလေးတွေမှာ ဖြူစင်ပြီး အသိဉာဏ်ကြီးပါတယ်ဆိုတဲ့ လူကြီးတွေက မည်းညစ်နေတာဟာ သဘာဝမကျလှပါဘူး။ အသက်ကြီးလာတာနဲ့အမျှ လောဘတွေလည်းကြီးလာ သလို၊ ဒေါသတွေလည်းကြီးလို့သာ နေပါတယ်။ လောဘနဲ့ ဒေါသကိုတောင် မရိပ်မိတဲ့ မောဟကတော့ ပြည့်နေတာမဆန်းတော့ပါဘူး။
မိမိအလိုတွေပြည့်ဖို့ သူ့ပစ္စည်းကိုလည်း မရ ရအောင်ယူတတ်ကြပါတယ်။ လောဘ တရားရဲ့စေခိုင်းမှု၊ ဒေါသတရားရဲ့စေခိုင်းမှု၊ မောဟတရားရဲ့ နှိပ်စက်မှုအောက်မှာ ညည်းညူမှုမရှိ အမှုတော်ကို ကျေပွန်း စွာထမ်းနေကြရပါတယ်။ သူများခိုင်းသမျှ လုပ်နေရတဲ့ လူသားတစ်ယောက်ဟာ ကိုယ့်စိတ်တိုင်ကျ ကိုယ့်ဘ၀ကြီးကို လှပအောင် ဖန်တီးနိုင်စွမ်းမရှိတော့တာ အဆန်းကြီးတော့ မဟုတ်ပါဘူး။ ဒီလိုနဲ့ပဲ ကြိုး ဆွဲရုပ်သေးဘ၀ဖြစ်နေရတာ ကြာလှပါပေါ့။ သတိတစ်ချက်လောက်တော့ ၀င်ပေးကြပါ။ ကိုယ့်ဘ၀ အမှန်ကို မြင်ပေးကြပါ။
မှတ်ထားတာလေးတစ်ခုရှိတယ်။ မငိုတတ်တဲ့ မိန်းမပျိုလေးရဲ့မျက်ဝန်းတွေဟာ အလှတရားနဲ့မပြည့်စုံဘူးတဲ့။ မကြိုက်လိုက်တာနော်။ ငိုနေမှတော့ အလှတရား ပျက်နေပြီပေါ့။ တစ်ကယ်တော့ မေတ္တာစိတ်ဖြင့် ကြည့်ရှုလိုက်ခြင်းကသာ လှပတဲ့ မျက်ဝန်းတွေဖြစ်တော့မှာပေါ့။ နှုတ်ခမ်းသားနှစ်လွှာကို လှပစေတာဟာ ဆေးနီ၊ ဆေးပြာ တွေမဟုတ်၊ မှန်ကန်ကောင်းမွန်းစွာ ပြောဆိုခြင်းသာ၊ ကိုယ်ခန္ဓာကို လှပစေတဲ့အရာဟာ ကောင်းမွန်လှတဲ့ အ၀တ်တွေမဟုတ်၊ ကိုယ်အမူအရာ ယဉ်ကျေးခြင်းများသာဖြစ်တယ်။ သွယ်လျနေတဲ့ လက်ကလေး တွေကို လှပစေတာဟာ လက်ကောက်တွေ၊ လက်စွပ်တွေမဟုတ်၊ ပေးကမ်းစွန့်ကြဲတတ်တဲ့ လက်များသာဖြစ်ပါတယ်။ ချစ်တတ်တာဟာ လှတာပါ၊ သနားတာဟာ လှတာပါ၊ ကိုယ်ချင်းစာတာ လှတာပါ၊ ပေးချင်၊ ကျွေးချင်တာဟာ လှတာပါ။ မနာလိုဝန်တိုတာ၊ သိပ်နှမြော လွန်းတာ တွန့်တို့တတ်တာ၊ မုန်းတာ၊ အငြိုးထားတာတွေဟာ မလှပါဘူး။
လူတိုင်းဟာ အနုပညာရှင်တွေပါပဲ။ ကိုယ့်ဘ၀ပန်းပုရုပ်လေးကို ကိုယ်တိုင်ပဲထုဆစ် နေကြတာပါ။ တစ်ချို့ လက်ရာတွေက အလွန်ပြောင်မြောက်လှသလောက် တစ်ချို့ တော့လည်း အကျည်းတန်အရုပ်ဆိုးလှပါတယ်။ ပတ်ဝန်းကျင်နဲ့ မိမိရဲ့လောကကြီးဆိုတဲ့ ပန်းချီကားချပ်တစ်ခုကို အရုပ်ဆိုးစေနိုင်တဲ့ဆေးစက်ကြီး မဖြစ်ရအောင် အတ္တ သမာ ပဏီဓိ စ ဆိုတဲ့ မိမိကိုယ်ကိုယ်ကောင်း အောင်ထိန်းသိမ်းနိုင်ကြမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ဒီလိုမျိုး သာဆိုရင် ကျွန်တော်ယုံကြည်ပါတယ်။ ဟုတ်တယ်။ လောကကြီးက လှနေမယ် ဆိုတာကိုပေါ့။
May you happy world always be as beautiful as you make it for other.
သူတစ်ပါးအတွက် လောကကိုလှပအောင် လုပ်ပေးနိုင်သလောက် သင့်လောကလည်း အစဉ်အမြဲ လှပပါစေလို့ဆုတောင်းရင်က နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးသော သတ္တ၀ါတွေ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။
သုခရိပ်
ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းမှ အမှတ်စဉ်(၁) ဂျာနယ်တွင်ပါရှိသော ဆောင်းပါးများအား ၀က်ဆိုဒ်တွင် ဖော်ပြထားပါသည်။
+/-
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please input the anti-spam code that you can read in the image.
+/- Comments
Add New Search
elene   |220.255.7.xxx |2010-06-25 06:49:57
အရမ်းကောင်းတဲ့ပို့စ်လေးပါ။ ဖတ်ခွင့်ရတာ အထူးကျေးဇူးတင်ပါတယ်ရှင်။ ကူးယူမျှဝေခွင့်ပြုဖို့ တလေးတစား ခွင့်တောင်းခဲ့ပါတယ်။

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."